မွေးရပ်မြေနဲ့ရိုးရဓလေ့များ (၇)

This post was written by desertraindrops on October 3, 2009
Posted Under: မျှဝေခြင်း

သီတင်းကျွတ်အခါကို ရောက်လို့လာပြီ။ ဒီလိုနေ့ထူးနေ့မြတ်မှာ မောင်နှမအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပြီး ဘာသာ ၊ သာသနာအကျိုးကို ပိုဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပေးတယ်နော့။ ဒီလို သီတင်းကျွတ်ပြီဆိုရင် ကျွန်မရဲ့ မွေးရပ်မြေလေးမှာ သီတင်းကျွတ်ကာလ ဖြတ်သန်းရပုံလေးကို သတိရမိတယ်။  ကျွန်မတို့ မြို့လေးရဲ့ ဓလေ့အတိုင်း သီတင်းကျွတ်လပြည့်မတိုင်ခင် အဖိတ်နေ့ညမှာ ဘိုးဘွားမိဘဆရာသမား လူကြီးသူမများကို သွားရောက်ကန်တော့ ကြပါတယ်။ အဲဒီလို ကန်တော့ရောက်လာကြသူများကို အိမ်ရှင်များမှ ဟင်းထုတ်များ ၊ အကြော်များ ၊ ဖျော်ရည် နဲ့ တခြား ဧည့်ခံစရာများနဲ့ ဧည့်ခံကြပါတယ်။

သီတင်းကျွတ်အဖိတ်ညကတည်းက  တာဝတိံမှ ပတ္တမြားစောင်းတန်း ၊ ရွှေစောင်းတန်း ၊ ငွေစောင်းတန်းမှ ကြွမြန်းလာတဲ့ မြတ်စွာဘုရားကို ရည်းစူးပြီး ဘုရားကျောင်းဆောင်ပုံလေးများကို ရှမ်းစကူဖြင့် ပြုလုပ်ပြီးရောင်းချထားတာကို ၀ယ်ယူပြီး သစ်သီးပန်းမန်များဖြင့် အိမ်လေသာတံခါးကို ဖွင့်ကာ ဆီမီးထွန်းပြီး ကြိုဆိုကြပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာတော့ မြို့ရှိ ဘုန်းကြီးကျောင်းများသို့ တစ်မြို့နယ်လုံးမှ သွားရောက် အတူတူကန်တော့ ကြပါတယ်။ အဲဒီနေ့မနက်မှာ ဘုရားရှင်ကို ဆွမ်းသစ်သီးပန်းမန်များဖြင့် ပူဇော်ကန်တော့သလို အိမ်ရှိ ထောင့်တိုင်းတွင်လည်းကောင်း ၊ ရေတွင်းများ ၊ ရေကန်များ ၊ လှေကားများ ၊တံခါးများ စသည်ဖြင့် နေရာများတွင် ငှက်ပျောအူတိုင်ဖြင့် ဖက်ခွက်လုပ်ပြီး ငှက်ပျော်ရွက်ခင်းကာ ထမင်းသစ်သီးများနဲ့အတူ စကူအလံတိုင်ငယ်လေး စိုက်ပြီး အိမ်စောင့်နတ်များ ၊ မမြင်ရတဲ့ နတ်များကို ကျွေးမွေးကြပါတယ်။ ညနေပိုင်းမှာတော့ ကလေးများကတော့ ဗျောက်အိုးများ ၊ မီးရှူးမီးပန်းများ ဖောက်ပြီး ကစားကြသလို လူကြီးလူငယ်များမှလဲ အိမ်ကို ဆီးမီးများ ထိန်ထိန်ညီးအောင် ထွန်းညှိပူဇော်ကြတယ်လေ။ နေ့လည်က ငှက်ပျောဖက်ခွက်ထားခဲ့တဲ့ နေရာများမှာလဲ ဆီးမီးထွန်းကာ အမျှဝေပေးပါတယ်။

လမ်းတိုင်း အိမ်တိုင်းတွင် လျပ်စစ်မီးများဖြင့် အလှဆင်ခြင်း ၊ ဖယောင်းတိုင်များနဲ့ အလှဆင်ခြင်းများ ပြုလုပ်ထားကြလို့ အတော်လှပ အေးချမ်းတဲ့ညလေးတညပေါ့။ ထို့အပြင် မြို့ရဲ့အမြင့်ဆုံးတောင် တစ်ခုဖြစ်တဲ့ ဂျူးတောင်ပေါ်သို့ ပအိုဝ့်တိုင်းရင်းသားများမှ မြင့်မိုရ်ပွဲအဖြစ် ဆီးမီးတိုင်များ ကိုင်ဆောင်ကာ သွားရောက်ပူဇော်ကြသလို ၊ မြို့လယ်ဘုရားသို့လဲ ဆီးမီးဖြင့် စီတန်းလှည့်လည်ပြီး သွားရောက်ပူဇော်ပါတာ်။ ဂျူးတောင်ထိပ်သို့ တရွေ့ရွေ့ စီတန်းသွားလာနေတဲ့ မြင်ကွင်းလေးကို ငေးကြည့်ရတာ သိပ်လှတာပဲ။  ကျွန်မတို့မြို့ရဲ့ မြို့လယ်ဘုရားကြီးမှာလဲ အသံမစဲပဌာန်းရွတ်ခြင်းကို သီတင်းကျွတ်မတိုင်မီ ခုနှစ်ရက်ကတည်းက ရွတ်ဖတ်နေပါတယ်။ ကျွန်မတို့ မြို့လေးမှာတော့ သီတင်းကျွတ်ဆိုရင် မိုးတအားရွာကောင်းနေဆဲပါပဲ။ မိုးစိမ့်စိမ့်နဲ့ အေးနေပေမဲ့ လူကြီးမိဘအိမ်များကို လှည့်လည် ကန်တော့ကြတဲ့အမှု့ကတော့ မပျက်ကြပါဘူး။

နောက်နေ့များမှာလဲ မြို့နီးစပ်မှ ရွာများမှ ဘုန်းကြီးကျောင်းများ ၊ တောင်ပေါ်ရှိ ဘုရားများသို့ သွားရောက် အုပ်စုဖွဲ့ကန်တော့ကြပါတယ်။ ကျွန်မတို့မြို့ရဲ့ သီတင်းကျွတ်ပွဲတော်ကတော့ ခုနှစ်ရက်ခုနှစ်လီလို ဆိုလိုလို့ရပါတယ်။ ဘုန်းကြီးကျောင်းများ  ၊ တခြားဆွေမျိုးလူကြီးများဆီ ကန်တော့လို့မပြီးနိုင်ပါဘူး။ ပအိုဝ့်လူမျိုးများလှတဲ့ ကျွန်မတို့နယ်လေးမှာတော့ လယ်ယာခွင်နားက တစ်လလုံးနီးပါး တစ်ရွာဝင်တစ်ရွာထွက် ကန်တော့သွားကြပါတယ်။

ဒါလေးကတော့ ကျွန်မတို့မြို့လေးရဲ့ သီတင်းကျွတ်ရိုးရာလေးပါ။

 ကျေးဇူးတင်လျက်

မငုံ (မော(၀်)ရှမ်းမြေအဖွဲ့ဝင်)

  • Share/Bookmark

Reader Comments

ငါကတော့ ဟင်းထုပ်နဲ့ အကြော်ပဲလွမ်းတရ် ဟီးးးးးးး ။ ငါ (၇) တန်းတုန်းကဆို ကျူရှင်ဆင်းခါနီးဆို ဟင်းထုပ်သည်လာလာရောင်းတာ ။ ဘယ်ပြောကောင်းမလည်း ဂျူးမြစ်လေးနဲ့ငြုပ်သီးအတောင့်ကြော်စပ်စပ်နဲ့ လွေးလိုက်ရင် ၃ ၊ ၄ ပွဲလောက်ကတော့ အသာလေးပဲ ။ ဟီးးးးးး ။

(ကိုရဲ)

#1 
Written By ကိုရဲ on October 25th, 2009 @ 5:15 pm

Add a Comment

required, use real name
required, will not be published
optional, your blog address