ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ်

မွေးရပ်မြေနဲ့ရိုးရဓလေ့များ (၇)

သီတင်းကျွတ်အခါကို ရောက်လို့လာပြီ။ ဒီလိုနေ့ထူးနေ့မြတ်မှာ မောင်နှမအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပြီး ဘာသာ ၊ သာသနာအကျိုးကို ပိုဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပေးတယ်နော့။ ဒီလို သီတင်းကျွတ်ပြီဆိုရင် ကျွန်မရဲ့ မွေးရပ်မြေလေးမှာ သီတင်းကျွတ်ကာလ ဖြတ်သန်းရပုံလေးကို သတိရမိတယ်။  ကျွန်မတို့ မြို့လေးရဲ့ ဓလေ့အတိုင်း သီတင်းကျွတ်လပြည့်မတိုင်ခင် အဖိတ်နေ့ညမှာ ဘိုးဘွားမိဘဆရာသမား လူကြီးသူမများကို သွားရောက်ကန်တော့ ကြပါတယ်။ အဲဒီလို ကန်တော့ရောက်လာကြသူများကို အိမ်ရှင်များမှ ဟင်းထုတ်များ ၊ အကြော်များ ၊ ဖျော်ရည် နဲ့ တခြား ဧည့်ခံစရာများနဲ့ ဧည့်ခံကြပါတယ်။

သီတင်းကျွတ်အဖိတ်ညကတည်းက  တာဝတိံမှ ပတ္တမြားစောင်းတန်း ၊ ရွှေစောင်းတန်း ၊ ငွေစောင်းတန်းမှ ကြွမြန်းလာတဲ့ မြတ်စွာဘုရားကို ရည်းစူးပြီး ဘုရားကျောင်းဆောင်ပုံလေးများကို ရှမ်းစကူဖြင့် ပြုလုပ်ပြီးရောင်းချထားတာကို ၀ယ်ယူပြီး သစ်သီးပန်းမန်များဖြင့် အိမ်လေသာတံခါးကို ဖွင့်ကာ ဆီမီးထွန်းပြီး ကြိုဆိုကြပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာတော့ မြို့ရှိ ဘုန်းကြီးကျောင်းများသို့ တစ်မြို့နယ်လုံးမှ သွားရောက် အတူတူကန်တော့ ကြပါတယ်။ အဲဒီနေ့မနက်မှာ ဘုရားရှင်ကို ဆွမ်းသစ်သီးပန်းမန်များဖြင့် ပူဇော်ကန်တော့သလို အိမ်ရှိ ထောင့်တိုင်းတွင်လည်းကောင်း ၊ ရေတွင်းများ ၊ ရေကန်များ ၊ လှေကားများ ၊တံခါးများ စသည်ဖြင့် နေရာများတွင် ငှက်ပျောအူတိုင်ဖြင့် ဖက်ခွက်လုပ်ပြီး ငှက်ပျော်ရွက်ခင်းကာ ထမင်းသစ်သီးများနဲ့အတူ စကူအလံတိုင်ငယ်လေး စိုက်ပြီး အိမ်စောင့်နတ်များ ၊ မမြင်ရတဲ့ နတ်များကို ကျွေးမွေးကြပါတယ်။ ညနေပိုင်းမှာတော့ ကလေးများကတော့ ဗျောက်အိုးများ ၊ မီးရှူးမီးပန်းများ ဖောက်ပြီး ကစားကြသလို လူကြီးလူငယ်များမှလဲ အိမ်ကို ဆီးမီးများ ထိန်ထိန်ညီးအောင် ထွန်းညှိပူဇော်ကြတယ်လေ။ နေ့လည်က ငှက်ပျောဖက်ခွက်ထားခဲ့တဲ့ နေရာများမှာလဲ ဆီးမီးထွန်းကာ အမျှဝေပေးပါတယ်။

လမ်းတိုင်း အိမ်တိုင်းတွင် လျပ်စစ်မီးများဖြင့် အလှဆင်ခြင်း ၊ ဖယောင်းတိုင်များနဲ့ အလှဆင်ခြင်းများ ပြုလုပ်ထားကြလို့ အတော်လှပ အေးချမ်းတဲ့ညလေးတညပေါ့။ ထို့အပြင် မြို့ရဲ့အမြင့်ဆုံးတောင် တစ်ခုဖြစ်တဲ့ ဂျူးတောင်ပေါ်သို့ ပအိုဝ့်တိုင်းရင်းသားများမှ မြင့်မိုရ်ပွဲအဖြစ် ဆီးမီးတိုင်များ ကိုင်ဆောင်ကာ သွားရောက်ပူဇော်ကြသလို ၊ မြို့လယ်ဘုရားသို့လဲ ဆီးမီးဖြင့် စီတန်းလှည့်လည်ပြီး သွားရောက်ပူဇော်ပါတာ်။ ဂျူးတောင်ထိပ်သို့ တရွေ့ရွေ့ စီတန်းသွားလာနေတဲ့ မြင်ကွင်းလေးကို ငေးကြည့်ရတာ သိပ်လှတာပဲ။  ကျွန်မတို့မြို့ရဲ့ မြို့လယ်ဘုရားကြီးမှာလဲ အသံမစဲပဌာန်းရွတ်ခြင်းကို သီတင်းကျွတ်မတိုင်မီ ခုနှစ်ရက်ကတည်းက ရွတ်ဖတ်နေပါတယ်။ ကျွန်မတို့ မြို့လေးမှာတော့ သီတင်းကျွတ်ဆိုရင် မိုးတအားရွာကောင်းနေဆဲပါပဲ။ မိုးစိမ့်စိမ့်နဲ့ အေးနေပေမဲ့ လူကြီးမိဘအိမ်များကို လှည့်လည် ကန်တော့ကြတဲ့အမှု့ကတော့ မပျက်ကြပါဘူး။

နောက်နေ့များမှာလဲ မြို့နီးစပ်မှ ရွာများမှ ဘုန်းကြီးကျောင်းများ ၊ တောင်ပေါ်ရှိ ဘုရားများသို့ သွားရောက် အုပ်စုဖွဲ့ကန်တော့ကြပါတယ်။ ကျွန်မတို့မြို့ရဲ့ သီတင်းကျွတ်ပွဲတော်ကတော့ ခုနှစ်ရက်ခုနှစ်လီလို ဆိုလိုလို့ရပါတယ်။ ဘုန်းကြီးကျောင်းများ  ၊ တခြားဆွေမျိုးလူကြီးများဆီ ကန်တော့လို့မပြီးနိုင်ပါဘူး။ ပအိုဝ့်လူမျိုးများလှတဲ့ ကျွန်မတို့နယ်လေးမှာတော့ လယ်ယာခွင်နားက တစ်လလုံးနီးပါး တစ်ရွာဝင်တစ်ရွာထွက် ကန်တော့သွားကြပါတယ်။

ဒါလေးကတော့ ကျွန်မတို့မြို့လေးရဲ့ သီတင်းကျွတ်ရိုးရာလေးပါ။

 ကျေးဇူးတင်လျက်

မငုံ (မော(၀်)ရှမ်းမြေအဖွဲ့ဝင်)

  • Share/Bookmark
ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ်

မိုင်းကိုင်မြို့လေးရဲ့ ကြေကွဲဖွယ် မှတ်တမ်း တစ်ပုဒ် (သို့မဟုတ်) ခွန်ဆမ်လော နဲ့ နန်းဦးပြင်


ရေးသားသူ ။ ။ ခီခန့် (ငပျင်း)  သီချင်း။  ။ MyNativeLand

မိုင်းကိုင် – တောင်ကြီးကနေမိုင်းကိုင်ကို သွားမယ်ဆိုရင်…. မိုင်တရာကျော်ဝေးပါတယ်…။ ရှမ်းတောင် ကနေပြီး.. ရှမ်းအရှေ့ဘက်ကို သွားတဲ့ လမ်းအတိုင်းသွားမယ်ဆိုရင်တော့….တောင်ကြီး>ဟိုပုံး>မိုင်းပွန်>လွယ်လွိုင် အထိသွားပြီး.. လွယ်လွိုင်မြို့မှ.. လမ်းခွဲထွက်ကာ..ပင်လုံ > လဲချား> မိုင်းကိုင်..မြို့ကိုရောက်ပါတယ်.. ။ နန်းဦးပြင်နေတဲ့မြို့ပေါ့…။

ခွန်ဆမ်လောကတော့ ကုန်သည်တဦးဖြစ်ပြီး… ကျိုင်းတောင်း မြို့မှာ နေတာဖြစ်ပါတယ်… ကျိုင်းတောင်းမှ.. မိုင်းကိုင်ကိုလာမယ်ဆိုရင်… ရှမ်းအရှေ့ဘက်ကနေ.. ရှမ်းတောင်ကို လာတဲ့ လမ်းအတိုင်း.. ကျိုင်းတောင်း> နမ့်စန်> လွိုင်လင်> ပင်လုံ >လဲချား> မိုင်းကိုင် မြို့ကိုရောက်ပါတယ်.. ကြားထဲမှာ.. မိုင် ၁၀၀ ကျော်ဝေးပါတယ်..။တရွာသူ နန်းဦးပြင်ကို ချစ်ကြိုက်မိတဲ့ ခွန်ဆမ်လောဟာ မိုင်တစ်ရာကျော်ခရီးကို မြင်း စီးပြီး လူပျိုလှည့်ခဲ့ပါသတဲ့။

သူတို့ ချစ်သူ နှစ်ဦးဟာ နမ့်တိန်းချောင်းကလေးအနီးမှာ… ဆုံတွေ့ပြီး ချစ်စကားပြောလေ့ရှိကြတယ်..။ နံဘေးက နမ့်တိန်းချောင်းရေစီးသံ က ဆူညံနေတဲ့အတွက် ချစ်သူ ခွန်ဆမ်လောပြောတဲ့ ချစ်စကား လေးတွေကို.. နန်းဦးပြင်လေးဟာ ကေင်းကောင်း မကြားရဘူးဖြစ်နေပါတယ်။ဒီအခါ နန်းဦးပြင်ဟာ “ နမ့်တိန်းချောင်းရယ်.. ပီဆမ်လောပြောလာမဲ့စကားကို နားထောင်ပါအုံး…မဆူနဲ့ ”လို့ပြောတော့တာပေါ့။အဲဒါနဲ့ နမ့်တိန်းချောင်းလေးဟာ နန်းဦးပြင် အလိုကျ တိတ်ဆိတ် ငြိမ်သက်သွားလိုက်တာ…..ခုချိန်အထိတိုင်အောင် ရေစီးသံ မကြားရတော့ဘူးလို့ ဆိုပါတယ်..။ နန်းဦးပြင်ပြောလိုက်လို့..နန့်တိန်းချောင်းဟာ ငြိမ်သက်သွားတယ်လို့ခေတ်အဆက်ဆက် လက်ခံ ယူဆ ခဲ့ကြပါတယ်..။မိုင်းကိုင်မြို့ရဲ့ ထူးခြားချက်တွေထဲက တစ်ခု ဆိုပါတော့။ Read More…

  • Share/Bookmark
ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ်

လွမ်းနေမိဆဲပါ

ဒီအချိန်ဆို ကျနော့်မွေးရပ်မြေမှာ
မြူခိုးတွေဝေနေတဲ့ အချိန်လေးပေါ့
အေးချမ်းလှတဲ့ လေနုလေးတွေကြားမှာ
ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားခဲ့တဲ့
ရင်ခုန်ခဲ့ဖူးတဲ့ အချိန်တွေကို ပြန်တွေးရင် လွမ်းနေမိဆဲပါ…….

မိုးနှောင်းလို့ ဆောင်းအ၀င်
မြူခိုးတွေမှိုင်းနေတဲ့ လမ်းငယ်လေးတွေ
ဘာတွေဘယ်လိုပြောင်းပြောင်း ထာဝရတည်ရှိနေမဲ့
မြင့်မားလှတဲ့ ရှမ်းတောင်တန်းကြီးတွေ
ရင်ထဲမှာ အမြဲလိုလို လွမ်းနေမိဆဲပါ……..

ရင်ကိုဆူပွက်စေတဲ့ ရှမ်းအိုးစည်၊ဗုံမောင်းသံတွေ
ဘယ်အချိန်ကြည့်ကြည့် မရိုးပဲလှပစေမဲ့ ရိုးရာမီးပုံတွေ
ဖော်ရွေခင်မင်တတ်တဲ့ သူငယ်ချင်းတသိုက်
ရိုးသားလှတဲ့ ဒို့မြို့သူ၊ မြို့သားတွေ
အမြဲကို တမ်းတ လွမ်းနေမိဆဲပါ…….

လက်ရှိတော့လည်း ယုံကြည်ချက်တွေ မှုန်ဝါးလို့
ပျော်ရွှင်မူတွေ ကွယ်ပျောက်နေဆဲ
အကျဉ်းထောင်မကျတကျ အခန်းလေးထောင့်လေးထဲမှာ
တယောက်ထဲ အထီးကျန်ဘ၀ကို ဆက်လျှောက်ရင်
ပိုင်ဆိုင်တာဆိုလို့ ဒီလက်တော့စ်လေးတလုံး
ဘယ်တော့မှမမေ့ မွေးရပ်မြေကို ထာဝရ လွမ်းနေမိဆဲပါ…….

လေးစားလျက် တောင်ပေါ်သား (မော(၀်)ရှမ်းမြေအဖွဲ့ဝင် )
  • Share/Bookmark
ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ်

“မေမေ သို့ ပေးစာ”

လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ချက်ကျွေးခဲ့တဲ့ ဟင်းခွက်လေးတွေကိုပေါ့
မြို့ ပြမွမ်းကျပ်မှုတွေရဲ့ အလည်
အားငယ်စွာရုန်းကန်ရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”

လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ချုပ်ပေးခဲ့တဲ့ အင်္ကျိလေးတွေကိုပေါ့
ဆေးဆိုးပန်းရိုက်မျက်နှာတွေရဲ့ အလည်
နွမ်းလျှစွာပြန်လည်ပြုံးပြရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”

လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ပြောခဲ့ဖူးတဲ့ အားပေးစကားလေးတွေကိုပေါ့
ဟန်ဆောင်မုသားစကားတွေရဲ့ အလည်
တိုးဝှေ့လို့ကျော်ဖြတ်ရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”

လွမ်းတရ် “မေမေ”
တစ်ချိန်က
နွေးထွေးတဲ့ မေမေရဲ့ အချစ်မေတ္တာတွေကိုပေါ့
မာယာတွေပြည့်နေတဲ့ အချစ်မေတ္တာတွေရဲ့ အလည်
ကြိုးစားလို့ရုန်းထွက်ရင်း
နွေးထွေးတဲ့ “အမေ့ရဲ့ အိမ်” လေးဆီကို သားအရောက်ပြန်လာခဲ့မယ် “မေမေ”

ဝေးတမြေမှ မေမေ့ကို အောက်မေ့လွမ်းဆွတ်လျှက် (ကိုရဲ)

  • Share/Bookmark
ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ်

မွေးရပ်မြေနဲ့ ရိုးရာဓလေ့များ (၆)

ဒီလို တော်သလင်းလဆိုရင် ကျွန်မတို့ မွေးရပ်မြေလေးမှာတော့ ဖောင်တော်ဦးဘုရားပွဲတော်ရှိပါတယ်။ ဒီဖောင်တော်ဦး ဘုရားက ပင်လောင်းမြို့ရဲ့ အနီးနားက ပင်လောင်းကြီးဆိုတဲ့ ရွာလေးမှာ တည်ရှိတယ်လေ။ ဒီပင်လောင်းကြီးဒေသဟာ တောင်ထူထပ်ပြီး ဂူပေါင်းများစွာရှိတယ်။ ဒီဂူတွေထဲကို အင်္ဂလိပ်ခေတ် ၊ ဂျပန်ခေတ် စတဲ့စစ်ကြီး ခေတ်တွေမှာ သွားရောက်နေထိုင် ခိုအောင်းကြရတယ်လို့ လူကြီးသူမများပြောတာ ကြားဖူးပါတယ်။ ကျွန်မတို့ ပင်လောင်းမြို့လေးကို လူအတော်တော်များများသိတာက ပအိုဝ့်လူမျိုးအများစု နေထိုင်ရာပေါ့။ မှန်ပါတယ်။ ကျွန်မမွေးရပ်မြေရဲ့နယ်မြေလေးမှာ အများစုက ပအိုဝ့်လူမျိုးများဖြစ်ပြီး ရှမ်း ၊တောင်ရိုး အသင့်အတင့် နေထိုင်ပါတယ်။ ဒီပင်လောင်းကြီးကျေးရွာမှာတော့ ရှမ်းလူမျိုးများချည်းသာ နေထိုင်ပါတယ်။ အဓိက လက်ဖက်ခြောက်လုပ်ငန်း ၊ ရှမ်းစက္ကူလုပ်ငန်းနဲ့ အသက်မွေးပါတယ်။

ဒီဖောင်တော်ဦးဘုရားပွဲကို ပင်လောင်းမြို့နယ်တစ်ခွင် ရပ်နီးရပ်ဝေးမှ တိုင်းရင်းသားများ လာေ၇ာက်ကြပါတယ်။ ဒီအတွက်လာရောက်သမျှ ဧည်သည်များကို ကျွေးမွေးရန် ပင်လောင်းကြီး ဖောင်တော်ဦးဘုရားပွဲရဲ့ဟင်းလို့ သတ်မှတ်ရလောက်တဲ့ မျှစ်စင်းဟင်းပါပဲ။ မျှစ်များကို ပင်လောင်းနယ်တခွင်မှ လူကြီးလူငယ်များက ပွဲမစမီ သုံးရက်အလိုကတည်းက မိမိတို့အိမ်မှ ဓားကိုယ်စီနဲ့ သွားရောက်ကြပြီး အတူတကွ စင်းကြပါတယ်။ ဒါလေးက တကယ့်ချစ်စရာ အလေံအထလေးပါ။ မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှု့မပါပဲ တပျော်တပါး လာရောက် မျှစ်စင်းကြပါတယ်။ မျှစ်စင်းရာမှ ထွက်လာတော့ ဒုတ်..ဒုတ် ဆိုတဲ့ ဓားချက်သံတွေ ၊ အချင်းချင်း စကားပြောခြင်း ၊ နောက်ပြောင်ပြောဆိုခြင်းများဖြင့် ညီညွှတ်စွာ စုပေါင်းလုပ်ကိုင်ကြပါတယ်။ ဒီစင်းပြီးသားမျှစ်များကို ၀က်သားသုံးထပ်သားနဲ့ ချက်ကြပါတယ်။ နောက်အချဉ်ပွဲအနေနဲ့ သရက်သီးစင်းသုပ်လေးပါ။ မလာရောက်နိုင်တဲ့ အိမ်များကိုလဲ ချိုင့်များဖြင့် ထဲ့ပေးပြီး ပို့ဆောင်ပေးပါတယ်။ ဒီမျှစ်စင်းဟင်းကို မစားလိုက်ရရင် တစ်နှစ်တာမပြည့်စုံသလိုအထိ ပင်လောင်းကြီးဖောင်တော်ဦးဘုရားပွဲ မျှစ်စင်းဟင်းက နာမည်ကြီးလှပါတယ်။

ဒီဘုရားပွဲကို ပဒေသပင်များ သီကုံးပြီး သွားရောက်လှူဒါန်းကြပါတယ်။ ရပ်ကွက်အလိုက် ကျေးရွာအလိုက်အပြင် ပင်လောင်းမြို့ရှိ ကျောင်းများမှလဲ ပဒေသပင်သီကုံးပြီး သွားရောက်လှူဒါန်းကြပါတယ်။ ကျောင်းသူများကတော့ စိန်ရောင်ခြည်ဘုရားပင့်ကို ပွဲတော်အတွက် နှစ်ပတ်အလိုကတည်းက ဆရာမမှ လေ့ကျင့်သင်ကြားပေးပြီး သွားရောက်ရွတ်ဆိုပူဇော်ကြပါတယ်။ အလယ်တန်းကျောင်းဆိုရင် အတန်းအကြီးဆုံးဖြစ်တဲ့ ရှစ်တန်းကျောင်းသူများမှ ပူဇော်တယ်။ မူလတန်းဆိုရင် လေးတန်းကျောင်းသူများမှ ပူဇော်တယ်။ အဲဒီလို ပွဲတော်ရက် တော်သလင်းလပြည့်နေ့မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပတဲ့ ဖောင်တော်ဦးဘုရားပွဲ့အကြောင်းလေးကို ဝေမျှပေးလိုက်ပါတယ်။ အလည်တစ်ခေါက်အရောက်လာကာ ဘုရားဖူးရင် ပွဲတော်ရဲ့ မျှစ်စင်းဟင်းကို လာရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်ပါတယ်။။။။။

ကျေးဇူးတင်လျက်

မငုံ (မော(၀်)ရှမ်းမြေအဖွဲ့ဝင် )

  • Share/Bookmark